နတ်တလင်း ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဦးလတ် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ စျေးကော်မတီဝင်များ ပူးပေါင်း၍ စျေးသူ/စျေးသားများအား မီးသတ်ဆေးဘူး အသုံးပြုပုံ၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ ဂက်စ် မီးလောင်မှုအားငြှိမ်းသတ်နည်းများဖြင့် တက်ရောက်လာသော ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ၊ ဈေးသူဈေးသားများနှင့်အတူ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနေဇော်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်နှင့် တပ်ဖွဲ့၀င်များ၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ငွေ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်ရှိန်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)