ပုလဲ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ယနေ့ နံနက် ၉ နာရီက၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ ထည့်မည့် ကြိုတင် ဆန္ဒမဲပုံးများကို အလွတ်ဖြစ်ကြောင်း ပြသပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ် များရှေ့တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းကြည်က ကြိုတင်ဆန္ဒမဲပုံးများကို လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ် တပ်ဆင်ခြင်းလုပ်ငန်းနှင့် ကြိုတင်ဆန္ဒမဲပုံး ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကိုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ခင်ခင်ဆွေက ကြိုတင် ဆန္ဒမဲများနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ကြိုတင်ဆန္ဒမဲပုံးများကို လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများနှင့်လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ ကိုယ်စားလှယ်များက ကြိုတင်ဆန္ဒမဲလက်မှတ်များကို ကြိုတင်ဆန္ဒမဲပုံးများ အတွင်း ထည့်သွင်းပြီးလဲလှယ်ခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ်နိုင်ရန်နှင့် မူလဆန္ဒပြုထားသည့် အတိုင်းထည့်သွင်း သိမ်းဆည်းနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပုံးများ၏ လုံခြုံရေးကြိုးကုတ် နံပါတ်များကို ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ်များထည့်မည့် ကြိုတင်ဆန္ဒမဲပုံးများကို လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးထွန်းကြည်နှင့်အဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များက ကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာ မှတ်တမ်းစာအုပ်တွင် အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြောင်းနှင့် ပုလဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ ၁၆၁ရုံ သတ်မှတ်ထားရှိပြီး မဲဆန္ဒရှင်ပေါင်း ၁၂၆၀၀၀ကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)