မြဝတီမြို့နယ်၌ ယာယီပြောင်းရွှေ့နေထိုင်သူများအတွက် ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်

မြဝတီ ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မဲကနယ်ကျေးရွာအုပ်စု၊ မဲကနယ် တိုးချဲ့ကွက်သစ်တွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြို့ပေါ်ရပ်ကွက် စုရပ် ၃ ခုဖြစ်သည့် ချမ်းမြေ့ကျောင်းတိုက်၊   စိန်ရောင်ခြည်ကျောင်းတိုက်နှင့် ဓမ္မံရန်အောင်ကျောင်းတိုက်တို့၌ ယာယီပြောင်းရွှေ့ ရောက်ရှိလာသည့် ပြည်သူများအား တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို  ယနေ့မွန်းလွဲ ၂ နာရီတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  အိမ်ထောင်စု တစ်စုချင်းအလိုက် ထောက်ပံ့ပေး အပ်သည်။

အဆိုပါ စုရပ်များတွင် နေထိုင်သည့် ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ ပေးအပ်ခြင်းကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်း၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးတင်ရွှေ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က  ရပ်ကွက် တာဝန်ခံများမှတစ်ဆင့်  အိမ်ထောင်စု (၇၂)စုမှ လူဦးရေ (၂၁၂)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၄၄၅၂၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ပြီး   အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)