မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် “သင်တန်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ် သံဂဟေဆက်သင်တန်းကို တက်မြောက်သည်အထိ သင်ကြားစေလိုကြောင်း၊ သင်တန်းဆရာများ၏ သင်ကြားမှုများကို ဂရုတစိုက်နားထောင်၍ သင်ကြားစေလိုကြောင်း၊ သင်တန်းပြီးမြောက်ပါက မိသားစုတစ်နိုင် တစ်ပိုင်လုပ်ငန်းအဖြင့် ဆောင်ရွက်စေလိုကြောင်း” ပြောကြားခဲ့ပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဌ ဦးသီဟဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်၊ အသေးစားစက်မှုလက်မှုဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်စန်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းသို့ စုစုပေါင်းသင်တန်းသားဦးရေ (၁၅) ဦး တက်ရောက်မည်ဖြစ်ပြီးသင်တန်းကာလမှာ (၂၈-၁၂-၂၀၂၃) မှ (၂၆-၁-၂၀၂၄) ရက်နေ့ အထိ စာတွေ့ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)