ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့ ကံ့ကော်မြိုင် အတွင်းပတ်လမ်း ကွန်ကရိလမ်းသစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မြောင်းမြ ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့၊ ကံ့ကော်မြိုင်ရပ်ကွက်၊ ကံ့ကော်မြိုင် အတွင်းပတ်လမ်း ကွန်ကရိလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစန်းဌေးတို့က ကွန်ကရိလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ပေးအပ်ပါသည်။

ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်ထံ မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်တင်ထွန်းက အထိမ်းအမှတ်လက်ဆောင် ပေးအပ်ပါသည်။ ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူး၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်အား လှည့်လည်စစ်ဆေးကြည့်ရှု ခဲ့ကြောင်းသိရသည်။

အဆိုပါ ကံ့ကော်မြိုင်အတွင်းပတ်လမ်း ကွန်ကရိလမ်းသည် အရှည် (၉၂၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု(၆) လက်မဖြင့် ကွန်ကရိလမ်းခင်းခြင်း လုပ်ငန်းအား မြောင်းမြမြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေ (၂၉၅.၅၀) သိန်း၊ ပြည်သူမှ ထည့်ဝင်ငွေ (၁၂၉.၀) သိန်း ဖြင့်  ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၊ ၂၉ ရက်နေ့တွင် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီး ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး တာဝန်ရှိသူများ၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)