ဒေးဒရဲ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချ စီမံခန့်ခွဲရေးဦးစီးဌာနက နွေစပါးမြောင်းများ တူးဖော်လျက်ရှိရာ ၎င်း ကျေးရွာများရှိ ပြည်သူများ စိုက်ပျိုးရေရရှိခြင်းကြောင့် စပါးနှင့် အခြားသီးနှံများ ပိုမို စိုက်ပျိုးထုတ်လုပ်လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနွေစပါးမြောင်းကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် (၂၂၆.၆၅၂)သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်မှုဖြင့် ဧရာမင်္ဂလာကုမ္ပဏီက အလျား (၃၆၅၀၀)ပေ၊ အနက် (၆) ပေရှိ တော်ကမံချောင်း၊ အလျား (၅၀၀၀) ပေရှိ အုတ်ကျင်းရိုး၊ အလျား (၆၆၀၀)ပေရှိ ကော်လှဲရိုးနှင့် အလျား (၁၂၅၀၀)ပေရှိ ကင်မွန်းကုန်းရိုးစသည့် နွေစပါးမြောင်းအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှ စတင်၍ စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပြီး ၎င်းဒေသရှိ နွေစပါးစိုက်ဧက (၁၆၈၀)ဧကနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် နွေစပါးမြောင်းများ တူးဖော်ပေးခြင်း၊ ရေငန်တား တာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အေဇာလင်း