ပုသိမ် ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့မွန်းလွဲပိုင်းက မြန်အောင်ခရိုင်အတွင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ကွန်ကရစ်လမ်းဖွင့်ပွဲ များအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဖွင့်လှစ်သည့် မြန်အောင်မြို့နယ်၊ ထန်းသုံးပင်အခြေခံပညာ အထက်တန်း ကျောင်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းအတွက် ဆိုလာမီးအားပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးနှင့် ကျောင်းအကျိုးတော်ဆောင် တစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် ကျောင်းဆောင်ဆောက်လုပ်သည့် ကုမ္ပဏီက ကျောင်းဆောင် သစ်နှင့် ပတ်သက်သည့် မှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့သည်။ အဆိုပါကျောင်းဆောင်သစ်သည် အလျား၁၄၀ပေနှင့် အနံ၃၀ပေရှိ RCနှစ်ထပ် ကျောင်းဆောင်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ငွေလုံးငွေလုံးရန်ပုံငွေ(၃၃၄.၃၂)သန်းဖြင့် ဆောင်ရွက်ခဲ့ဖြစ်ကြောင်းသိရသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြန်အောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ နဝဒေးလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက် ခဲ့သည်။ ဦးစွာတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိတို့က တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့ထံသို့ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်အား ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွန်ကရစ် လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် မြန်အောင်မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့ပြီးအလျား ၇၄၀ပေ၊ အကျယ် ၁၂ပေနှင့် ထု၆လက်မရှိပြီး မြန်အောင်မြို့နယ် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာ အုပ်စုရှိ တောင်သူ ဦးညွန့်လှိုင် (ပါ)နှစ်ဉီး၏ စိုက်ဧက (၁၀)ဧကတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ သဘာဝရေ လျှံတွင်းဖြင့် စိုက်ပျိုးသော ဆင်းသုခစပါးမျိုး နွေစပါးစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာ စည်သာသနာ့ ရိပ်သာကျောင်းတိုက်ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းအုပ်စု၊ ကြံတောကျေးရွာသို့ရောက်ရှိ၍ ကညင်ရေလှောင်တမံ လက်ဝဲမြောင်းမှ ဆည်ရေရရှိ၍ တောင်သူ ဦးဖြိုးဝင်းလှိုင်၏ စိုက်ဧက (၆)ဧက၌ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့မှ မျိုးစေ့ချစက်ဖြင့် ပခန်းရွှေဝါစပါးမျိုး နွေစပါးမျိုးစေ့ချခြင်း သရုပ်ပြပွဲအား တက်ရောက် ကြည့်ရှု အားပေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ကညင်ရေလှောင်တမံ စီမံကိန်း ဆည်ရေသောက်စနစ်၊ ၂၀၂၃-၂၀၂၄ ခုနှစ်ရိုးပြတ်ကျန်ဧရိယာများအပေါ် ဖော်ထုတ်စိုက် ပျိုးပြီးစီးမှု များအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေရရှိသဖြင့် သီးထပ်စွမ်းအားတိုးတက်ရေးအတွက် တစ်နှစ်သုံးသီးစိုက်ပျိုးကြရန်၊ အထွက်တိုး မျိုးကောင်းမျိုး သန့်များစိုက်ပျိုးကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချူပ်သည် အင်္ဂပူမြို့နယ်၊ အမှတ်(၂)ရပ်ကွက် ရွှေတောင် တန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တာဝန်ရှိသူများနှင့် တက်ရောက် ဖွင့်လှစ်ပေး ပြီးနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိတို့က တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသား ရေးရာ ဝန်ကြီးထံသို့ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်အား ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် အင်္ဂပူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား ၇၅၀ပေ၊ အကျယ် ၁၂ပေနှင့် ထု၆လက်မရှိ ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)