ဟုမ္မလင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ

ဟုမ္မလင်း ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကို ယမန်နံနက် (၉)နာရီခွဲအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဧဆက်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ပြိုင်ပွဲကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ Grade-4 နှင့် Grade-5 ကျောင်းသား/သူ (၃၀)ဦးတို့က စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ အသီးသီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု  တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ (၇၆) နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ အမျိုးသားရေးဦးတည်ချက် များ၊ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ စာအုပ်ပြပွဲနှင့် ​ပြန်/ဆက်ဉီးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ပြိုင်ပွဲဝင် ကျောင်းသား/သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ကျောင်းသား/သူများအား ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး ထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးလာစေရန်နှင့် နိုင်ငံတော်၏ အထိမ်းအမှတ် ​နေ့ရက်များကို အောက်မေ့သတိရစေရန်  ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေး​ရခြင်းဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)