ကျိုက်လတ်၌ (၇၉) ကြိမ်မြောက် မဟာဒုက် ဘုရားပွဲတော်ကျင်းပ

ကျိုက်လတ် ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၈ ဖြတ်လမ်းရှိ ညောင်ငူ ပရိယတ္တိ စာသင်တိုက်အတွင်းတွင် (၇၉)ကြိမ်မြောက် မဟာဒုက်ဘုရားကို တစ်နှစ်တာ ပင့်ဆောင်၍ အပူဇော် ခံခွင့်ရရှိမည့် ဘုရားဒါယကာ၊ ဒါယိကာမ ရွေးချယ်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက စတင် ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မဟာဒုက် ဘုရားပွဲတော် ကျင်းပရေးကော်မတီမှ နာယက တစ်ဦးဖြစ်သူ ဦးစိန်ရီက ဘုရားပွဲတော် ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြား၍ မဟာဒုက်ဘုရားကို တစ်နှစ်တာ ပင့်ဆောင် အပူဇော်ခံခွင့်ရရှိမည့် ဘုရားဒါယကာ၊ ဒါယိကာမ ရွေးချယ်ပွဲ စတင်ခဲ့ရာ ညဦးပိုင်း ၈ နာရီ ၄၃ မိနစ် တွင် ဘုရားဒါယိကာမ ပေါ်ထွက်လာခဲ့သည်။ မဟာဒုက်ဘုရားကို တစ်နှစ်တာပင့်ဆောင်၍ အပူဇော်ခံခွင့်ရရှိမည့် ဘုရားဒါယိကာမကြီးမှာ အမှတ်(၂)ရပ်ကွက်၊ (၂)ဖြတ်လမ်းနေ ဒေါ်မြမြဝင်း ဖြစ်ကြောင်းသိရသည်။ မဟာဒုက် ဘုရားပွဲတော်ကို နတ်တော်လဆန်း (၁၃)ရက်နေ့မှစ၍ လပြည့်ကျော် (၁)ရက်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး ပရိတ် တရားတော်များ၊ ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ် ပူဇော်ခြင်း၊ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊ စာရေးတံမဲချ၍ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပခဲ့ပြီး နတ်တော်လဆန်း(၁၄)ရက်နေ့ နှင့် လပြည့်နေ့ည၌ စိုးညွန့်အောင် မင်္ဂလာဆိုင်းအဖွဲ့ဖြင့်  ဧည့်ခံဖျော်ဖြေခဲ့ပြီး လပြည့်ကျော်(၁)ရက်နေ့ ယနေ့ညနေ (၄) နာရီမှစ၍ ညောင်ငူကျောင်းတိုက် ဆရာတော်နှင့် အလှူရှင်များက ထမင်း၊ ဟင်း နှင့် စားသောက်ဖွယ်ရာ မျိုးစုံတို့ဖြင့် စတုဒိသာ ကျွေးမွေးခြင်းနှင့် ရွှေတံဆိပ်များဆုရှင် ဖူးချစ် ရန်ကုန်ဇာတ်ပွဲမှ ဘုရားဖူးလာပြည်သူများအား ဧည့်ခံဖျော်ဖြေ‌သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်