ဒေးဒရဲ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝန်းရှိ စက်မှု၊ စိုက်ပျိုးမွေးမြူရေး ပညာရပ်များ တွဲဖက်သင်ကြားသည့်ကျောင်းသို့ (Grade-9) အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများ အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းရှိ ညီမူရာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်မင်းငြိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာလှိုင်ဘုန်းမြင့်က စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများအား စက်မှု၊ စိုက်ပျိုးမွေးမြူရေး ပညာရပ်များ သင်ယူခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ခရိုင် (၅၀)၊ မြို့နယ် (၅၁)မြို့နယ်တို့တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း