လပွတ္တာမြို့နယ်တွင် ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရန်အတွက် ဆန္ဒမဲလက်မှတ်များ ထုတ်ပေး

လပွတ္တာ အောက်တိုဘာ ၂၇

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆန္ဒမဲလက်မှတ်များကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ ယနေ့နံနက် ၁၀ နာရီက လပွတ္တာမြို့နယ် ရဲစခန်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒမဲလက်မှတ်များ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအေးကြိုင်က ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများက သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်အတွက်နှင့် အသက် (၆၀) နှစ်အထက် ကြိုတင်ဆန္ဒမဲပေးသူများအတွက် ဆန္ဒမဲလက်မှတ်များကို ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒမဲလက်မှတ်များကို သေချာစွာ စိစစ်လက်ခံကြရန်နှင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်များရှိ မဲရုံများအလိုက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ထုတ်ပေး ကြရာ သက်ဆိုင်ရာရပ်ကွက်များမှ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စိစစ်လက်ခံရယူကြသည်။

အဆိုပါ ဆန္ဒမဲလက်မှတ်များ ထုတ်ပေးရာသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မရှင် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

လပွတ္တာမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၂) စု မဲရုံပေါင်း (၂၆၃) ရုံရှိပြီး မဲဆန္ဒရှင်ပေါင်း (၂၂၆၃၁၃) ဦးရှိကြောင်း သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာ ခရိုင်ပြန်/ဆက်)