ပဲခူးတိုင်းဒေသကြီးသို့ ဒီဇင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၀.၈၉၈)သန်း တိုးတက်ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း(၂၀၀)ဦး ဖန်တီးပေးနိုင်ခဲ့

ပဲခူး ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၈)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃) ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက စက်ရုံလုပ်ငန်းများထူထောင်ရာတွင် သတ်မှတ်ထားသည့် စက်မှုဇုန်အတွင်း၌သာ ဦးစားပေးခွင့်ပြုပေး သွားရမည်ဖြစ်ပြီး လိုအပ်သောအုပ်ချုပ်မှုကိစ္စရပ်များ လွယ်ကူစွာစီမံဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ တည်ဆောက်ဆဲစက်ရုံများနှင့် ခွင့်ပြုချက်/လိုင်စင်ရရှိရေး စောင့်ဆိုင်းနေရသည့် စက်မှုလုပ်ငန်းများအတွက် လုပ်ငန်းများအမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် ရုံးလုပ်ငန်းများတွင် ကြန့်ကြာမှုမရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးရန်၊ ပဲခူးဒေသတွင် ပြည်ပနှင့်ပြည်တွင်း အကျိုးတူရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရှိ၍ ရင်းနှီးမြှုပ်နှံမှုအမည်ပြောင်းလဲ လျှောက်ထားမှုများတွင် သက်ဆိုင်ရာသတ်မှတ် အခွန်ငွေများ အပြေအကြေပေးသွင်းကြရမှာဖြစ်ပြီး စက်ရုံလည်ပတ်ချိန်အတွင်း လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အဓိကအားဖြင့် ဒေသခံလုပ်သားအင်အားများများ အလုပ်အကိုင်ဖန်တီးပေးနိုင်သည့် CMP လုပ်ငန်းများနှင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းလူသုံးကုန် ထုတ်လုပ်သည့်စက်ရုံများကို ဦးစားပေးဖိတ်ခေါ်သွားရမှာဖြစ်ကြောင်း၊ အစားအစာထုတ်လုပ်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးနှင့်ညီညွတ်စွာထုတ်လုပ်နိုင်ရေးလိုအပ်မှာဖြစ်ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသော စက်မှုလုပ်ငန်းများကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသလို တက်ရောက်လာသည့် ကော်မတီဝင်များကလည်း တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုပေါ် လစဉ်ဆန်းစစ်လေ့လာ သုံးသပ်တင်ပြပေးရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်တိုးသည့်ကုမ္ပဏီ(၁)ခု၊ လုပ်ငန်းတိုးချဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ(၂)ခုနှင့် တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းကုမ္ပဏီ(၃)ခုတို့၏ တင်ပြချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက အကြံပြုဖြည့်စွက်တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများ၏ တင်ပြချက်များအရ ဒီဇင်ဘာလတွင် ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၀.၈၉၈)သန်းနှင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း(၂၀၀)ဦး ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁၉၈.၀၁၅)သန်းနှင့် မြန်မာကျပ်ငွေ(၇၅၄၅၆.၂၇၅)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း(၁၁၄၈၁)ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)