ပိုင်ကျုံ ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အ.ထ.က ပိုင်ကျုံကျောင်း၌ ခရစ္စမတ်အထိမ်းအမှတ် ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကိုအ.ထ.ကပိုင်ကျုံကျောင်းမှကျောင်းအုပ်ဆရာမကြီးက ပွဲတော်ဖြစ်မြောက်အတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးသည့်အလှူရှင်များအား အထူးကျေးဇူးတင်ကြောင်း၊ ပိုင်ကျုံမြို့ အ.ထ.ကကျောင်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ခရစ္စမတ်ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို အစဉ်အလာမပျက် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ဧည့်သည့်တော်ပရိသတ်များတို့မှ ''နားထောင်ကောင်းကင်သားကြွေးကြော်'' ဂုဏ်တော်ချီးမွမ်းခြင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခြင်း၊ ပိုင်ကျုံမြို့ ကျမ်းစာကျောင်းမှ ဒုတိယကျောင်းအုပ် ဆရာတော်ယောသထီးမှ ခရစ္စမတ်နေ့နှင့် သက်ဆိုင်သည့် သမ္မာကျမ်းစာများ၊ ခရစ္စမတ် နေ့ဖြစ်ပေါ်လာပုံ ဒေဿနာတရားတော်များ ဟောကြားခြင်း၊ ဆရာအဲ့ခရစ်မှ တက်ရောက်လာကြသည့် ဧည့်သည်တော် ပရိတ်သတ်များနှင့် ပွဲတော်ဖြစ်မြောက်အတွက် အဘက်ဘက်မှဝိုင်းဝန်းကူညီထောက်ပံ့ပေးသည့် အလှူရှင်များအတွက် ဆုတောင်းပေးခြင်း၊ ''ယေရှုကြွလာတော်မူကျူး''သီချင်းဖြင့် ချီးမွမ်းသီဆိုပြီး ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ ဆရာတော်စိုးလယ်က နောက်ဆုံး ဆုတောင်းခြင်းဖြင့် အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်ပရိသတ်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများအားလုံး ခရစ္စမတ်လက်ဆောင်များပေးအပ်ခြင်း၊ အဟာရများဧည့်ခံ ကျွေးမွေးခြင်းနှင့် ခရစ္စမတ်နေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ သွားလျက်ရှိကြောင်း သိရသည်။
နော်ခူးခူး(ပြန်/ဆက်)