တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လာရောက် ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်၊ ကွန်ကရစ်လမ်းသစ်ဖွင့်တက်ရောက်

ပုသိမ်  ဒီဇင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လာရောက် ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား  ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊ သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ဘာသာသာသနာရေးဆိုင်ရာ ကိစ္စရပ်များအား စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်စေရေးနှင့်  တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျ စီစဉ်ဆောင်ရွက်လုပ်ကိုင်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့်  မြောင်းမြို့၊ ကံ့ကော်မြိုင်အတွင်းပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြောင်းမြခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံသို့  တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးနှင့်  မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အားပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့သည်။ အဆိုပါလမ်းသည်   မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား ၁၃၁၅ပေ၊ အကျယ် ၁၂ပေနှင့် ထု၆လက်မရှိပြီး ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန၊ ဗမော်သုံးခွလျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ရှင်းလင်းဆောင်တွင် ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက် အင်ဂျင်နီယာက လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ၊ အကျိုးပြုဧကများ၊ နှစ်အလိုက်ရေပေးနိုင်မှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများနှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက် ထွက်ရှိရေးအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရန်၊ စိုက်နည်းစနစ် များပြောင်း လဲစိုက်ပျိုးရန်၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်တစ်နှစ်သုံးသီးအထိ စိုက်ပျိုးနိုင်ရေးလမ်းညွှန်မှာကြားခဲ့ပြီး တောင်သူများ၏စိုက်ပျိုးရေးဆ်ုင်ရာလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြစန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အိမ်မွေးတိရစ္ဆာန် ခွေးများအား ခွေးရူးရောဂါ ကာကွယ်ဆေးများထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန် ခွေး၊ ကြောင်များကို ခွေးရူးရောဂါ၏ အန္တရာယ်မှ ကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)