သနပ်ပင် နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မိုးခိုင်ကြီး(ထခွဲ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်တင်နှောင်းရီမှ အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်းပြုလုပ်ပေးသည့်အတွက် ကျောင်းသားလူငယ်များအချင်းချင်း အသိပညာဗဟုသုတများ တိုးပွားလာစေပြီး စဉ်စားတွေးခေါ်မှုတိုးတက်မြင့်မားလာစေကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့် ဆိုသည့်စကားတိုင်း လူငယ်များပြောရဲဆိုရဲသည့် သတ္တိများရရှိလာမည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာကလူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မိုးခိုင်းကြီး(ထခွဲ)ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ မိုးခိုင်ကြီး(ထခွဲ)ကျောင်း Grade(11)မှ မသင်းသင်္ကြန်မိုးက လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade(8)မှ မမိုးသီရီကိုက လူငယ်နှင့်စည်းကမ်း၊ Grade(10)မှ မဇာဇာက လူငယ်နှင့်စာရိတ္တ၊ Grade(9)မှ မအေးသဇင်စိုးက လူငယ်နှင့်ကျန်းမာရေး ကျောင်းသူ(၄)ဦးကအစရှိသည့် ခေါင်းစဥ်ပါအကြောင်း အရာများကိုဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ.ထ.ကခွဲ(မိုးခိုင်ကြီး) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့သည်။
လှမိုး(ပြန်/ဆက်)