သံတောင်ကြီး ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများသဘာဝအတိုင်း ပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့်မျှစ်များကို တစ်နှစ်တာပတ်လုံးအတွက် စားသုံးနိုင်ရန် မျှစ်ချဉ်များပြုလုပ်ကြသည်။ ယခုအချိန်တွင် မျှစ်စိုများရှားပါးလာပြီဖြစ်သည့်အတွက် မျှစ်ချဉ်များဝယ်လိုအားကောင်းကြောင်း သိရသည်။
မျှစ်ချဉ်များ တစ်နှစ်တာလုံးတာရှည်ခံစားသုံးနိုင်ရန် မျှစ်စိုများကို အတုံးလိုက်လှီး၍သော်လည်းကောင်း အလုံးလိုက် သော်လည်းကောင်း ပလပ်စတစ်အိတ်(သို့မဟုတ်)ခြင်းတောင်းများတွင် သိမ့်၍ထည့်ထားပြီး(၄) လခန့်တွင်မျှစ်ချဉ်များရရှိသည်။ သံတောင်ကြီးဒေသထွက် မျှစ်ချဉ်များမှာ သဘာဝအတိုင်း ပြုလုပ်ထားသည့်အတွက် ဝယ်လိုအားကောင်းကြောင်း သိရသည်။
မျှစ်ချဉ်များကို ကရင်ရိုးရာတာဟဲဖိုး၊ တာလပေါဟင်းများချက်ပြုတ်ရာတွင် အဓိကအသုံးပြုသည်သာမက အခြားအသားဟင်းများနှင့် လည်းရောချက်ရာတွင် အလွန်အရသာကောင်းသည့်အတွက် သံတောင်ကြီး မြို့ပေါ်တွင် သာမကတောင်ငူ၊ ရန်ကုန်နှင့်အခြားနေရာဒေသများက မှာယူတင်ပို့ရောင်းချကြသည်။
အဆိုပါ မျှစ်ချဉ်တစ်ပိဿာကို ကျပ်(၃၀၀၀)မှကျပ်(၄၀၀၀)အထိ ရရှိသည့်အတွက် မျှစ်ချဉ်လုပ်ကိုင် ရောင်းချသူများအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။
နော်နော်မူ