မုံရွာတက္ကသိုလ်တွင် (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မုံရွာ ဒီဇင်ဘာ ၂၉

၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မုံရွာတက္ကသိုလ်(နေ့သင်တန်း)နှင့်   မုံရွာတက္ကသိုလ် (အဝေးသင်သင်တန်း)တို့၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ (၂၃)ရက်‌နေ့မှ (၂၉)ရက်နေ့အထိ အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ‌အောင်ကျော်သင်က ဘွဲ့ရ‌ မောင်‌မယ်များအား ဘွဲ့ချီးမြှင့်ပြီး မိန့်ခွန်းစကားပြောကြားရာတွင် ယခု ကျင်းပသော အခမ်းအနားမှာ ၂၀၁၉-၂၀၂၀၊  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မုံရွာတက္ကသိုလ် (နေ့သင်တန်း)နှင့် မုံရွာတက္ကသိုလ်(အဝေးသင်သင်တန်း)တို့တွင် ဘွဲ့ရရှိသူများကို ဘွဲ့အပ်နှင်းခြင်းဖြစ်ပါကြောင်း၊ ယနေ့ မြန်မာ့ပညာရေးမျှော်မှန်းချက်နှင့်အတူ အမျိုးသားပညာရည်မြင့်မားရေး နှစ်(၃၀) စီမံကိန်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ဘွဲ့ရမောင်မယ်များမှ အားလုံးပူးပေါင်း ပါဝင်ကြရန်နှင့် နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေ၊ စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များကို လေးစားလိုက်နာတဲ့ နိုင်ငံ့သားကောင်းများအဖြစ် နေထိုင်သွားကြရန်  ပြောကြားခဲ့သည်။

အဆိုပါ မုံရွာတက္ကသိုလ် နေ့သင်တန်းတွင် ‌‌မဟာသိပ္ပံဘွဲ့ နှင့် မဟာဝိဇ္ဇာဘွဲ့ ရရှိသူ (၆၆၅)ဦး၊  မဟာဥပ‌ဒေဘွဲ့(၂၂)ဦး၊ ဝိဇ္ဇာ/သိပ္ပံ(ဂုဏ်ထူး)ဘွဲ့(၉၅)ဦး၊ ဥပဒေဘွဲ့(၄၅)ဦး၊ ဝိဇ္ဇာ/သိပ္ပံ ဘွဲ့ (၂၃၁)ဦး စုစုပေါင်း (၁၀၅၈)ဦး ရှိရာမှ တက်ရောက်ဘွဲ့ယူသူ(၅၆၃)ဦး  တို့ရှိကြောင်း နှင့် မုံရွာတက္ကသိုလ် အဝေးသင်သင်တန်း တွင်လည်း ဥပဒေဘွဲ့ (၂၄၃)ဦး၊ ဝိဇ္ဇာ/သိပ္ပံဘွဲ့ (၆၈၃၁)ဦး၊ စုစုပေါင်း (၇၀၇၄)ဦးရှိရာမှ တက်ရောက်ဘွဲ့ယူသူ (၁၉၃၅)ဦးတို့ကို ဘွဲ့များ အသီးသီး လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့သည်။

မုံရွာတက္ကသိုလ်တွင် (၂၁)  ကြိမ်မြောက်  ဘွဲ့နှင်းသဘင်အခမ်းအနားကို   ဒီဇင်ဘာ (၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ အစမ်း‌လေ့ကျင့်ရက်များ အပါအဝင် (၆)ရက်ကြာကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)