ကျွန်းစု ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ(၃)နာရီအချိန်က ကျွန်းစုမြို့၊ မြို့မအားကစားကွင်း၌ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲအသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ကို စုပေါင်းညီညာစွာ ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် အဖွင့်ပွဲစဉ်ဖြင့် ကျောင်းသားသစ်အသင်းနှင့် အမှတ်(၃)ခ အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ကျောင်းသားသစ် အသင်းက (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများက ပြိုင်ပွဲဝင်အသင်း (၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ဆုရရှိသော အသင်းများအား ဇန်နဝါရီ(၄)ရက်နေ့ ဆုချီးမြှင့်ပွဲတွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)