ရွှေဘို ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ များတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် စာပေ ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာတင်တင်ရီနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကား ပြောကြားရာ ကျောင်းသားမောင်မယ် လူငယ်များအား မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ လွတ်လပ်ရေး၏ အနှစ်သာရကိုသိရှိပြီး မြတ်နိုးထိန်းသိမ်းတတ်စေရန် ရည်ရွယ် ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ အဖွဲ့ဝင် ခရိုင်လဝက ဦးစီးမှူး ဦးအောင်မြင့်တို့က ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဆုများပေးအပ် ချီးမြှင့်ပေးခဲ့ပြီးနောက် ရွှေဘိုတက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ စန်းစန်းဝင်းက "လွတ်လပ်ရေး၏ အနှစ်သာရနှင့် လူငယ့်တာဝန်" ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး ပါမောက္ခ(ဌာနမှူး)အား ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးက ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲတွင် "လွတ်လပ်ရေးအောင်လံမြူးလွင့်ချိန်"၊ စာစီစာကုံးပြိုင်ပွဲတွင် "လွတ်လပ်ရေးနေ့ အဓိဌာန်" ခေါင်းစဥ်များဖြင့် ကျောင်းသား/သူ(၃၉)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း