တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊  အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ထားဝယ်မြို့၊ ဃောသိတာရာမ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနန္ဒဝံသထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြပြီး တက်ရောက်လာကြသူများက  “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဥပ္ပါတသန္တိပရိတ်တော်အား အလှည့်ကျ ဘာဏကဆရာတော်များက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့အထိ ရွတ်ပွားပူဇော်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)