တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်ရှိ ပေလေးပင်ရှင်လေးပါးစံကျောင်းတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်ရှိ ပေလေးပင် ရှင်လေးပါးစံကျောင်းတော် ဖွင့်ပွဲ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပွဲနှင့် ရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပေလေးပင်ရှင်လေးပါးစံကျောင်းဆောင်အား မကွေးတိုင်းဒေသကြီး သံဃနာယက အကျိုးတော်ဆောင်ဆရာတော်၊ တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ကျောင်းတိုက်၏ ပဓာန နာယက၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ (၁၀၃) တပ်ရင်းမှူးဗိုလ်မှူးကြီး မင်းသိန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဌဦးစံသိန်းတို့က ဗုဒ္ဓသာသနံ စိရံတိဌတုရွတ်ဆို ဆုတောင်း၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမှတ်တမ်းအား အမွှေးနံသာရည် များပတ်ဖြန်းကာ ရှင်လေးပါးရုပ်ထုတော်များနှင့် အတ္ထုပ္ပတ္တိကျောက်စာတော်များအား ဖူးမြော်ကြည့်ရှု့ခဲ့သည်။

ဆက်လက်၍အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ရေစက်သွန်းချပွဲကိုကျင်းပရာ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဌဆရာတော် ဘဒ္ဒန္တစာရိတ္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ဆရာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကာ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေးဦးစီးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက တည်ဆောက်မှုလုပ်ငန်းစဉ်များအား လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာဝန်ရှိသူများက ပေလေးပင်ရှင်လေးပါးစံကျောင်းတော် ပြုပြင်မွမ်းမံ တည်ဆောက်ခြင်းလုပ်ငန်းတွင် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး သံဃနာယကအကျိုးတော်ဆောင်ဆရာတော်၊ တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ကျောင်းတိုက်၏ ပဓာနနာယက၊ အဂ္ဂမဟာကမ္မ ဌာနာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတထံမှ အနုမောဓနာတရားနာယူ၍ လှူဒါန်းမှူအစုစုတို့အတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)