ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပင်စင်စားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေး

ကျောင်းကုန်း ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားနိုင်ငံ့ ဝန်ထမ်းများ ပင်စင် ထုတ်ယူနေမှုအား ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဒေါ်သန်းတင်ခန်းမ၌ ပင်စင်စား နိုင်ငံ့ဝန်ထမ်းများအား (၆)လကို တစ်ကြိမ် ကျန်းမာရေး စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း၊ ပင်စင်လာရောက်ထုတ်ယူရာတွင် သွားရေးလာရေးအဆင်ပြေစေရေးနှင့် လူမှုရေးအခက်အခဲများ ရှိပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးခဲ့သည်။

ထို့နောက် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့သည်။ ပင်စင်စား နိုင်ငံ့ဝန်ထမ်းများအား ဆန်(၂)ပြည်၊ ဆီ(၅၀) ဆယ်သား (၁)ဘူးနှင့် ကြက်ဥ(၁၀)လုံးစီဖြင့် စုစုပေါင်း(၅၄)ဦးအား ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)