ပွင့်ဖြူ ဒီဇင်ဘာ ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင် သုည ဒသမ ၄၉ ဖာလုံအား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယခုလ ၂၂ ရက်နေ့က ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၄၀ ဒသမ ၅၄၁၀ သန်းဖြင့် လမ်းအရှည်ပေ တစ်မိုင် သုည ဒသမ ၄၉ ဖာလုံအား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းကို ဇွန်လ ၂၆ ရက်နေ့က စတင်ပြီး တင်ဒါအောင်မြင်သည့် တော်ဝင်းထွန်းကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ရာနှုန်းပြည့်ဖောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
ယခုအခါ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာ(၄)ရွာမှ အကျိုးပြုအိမ်ခြေ ၈၃၆ အိမ်ရှိ လူဦးရေ ၃၇၀၁ ဦး၏ စိုက်ပျိုးလယ်မြေဧက ၆၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ လွယ်လင့်တကူ သယ်ယူပို့ဆောင် ရောင်းချသွားနိုင်မည်ဖြစ်၍ ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း (၄)ခုနှင့် သောက်သုံးရေ ဖူလုံစေရန်အတွက် ကျေးလက်ရေပေးဝေရေးလုပ်ငန်း (၂)ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)