မကွေး ဒီဇင်ဘာ ၂၉
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) ရှိ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာထွန်းက သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်က ယနေ့ခေတ် စီးပွားရေးလုပ်ငန်းနယ်ပယ်များတွင် ပုဂ္ဂလိကကုမ္ပဏီများ ကုန်ထုတ်လုပ်ငန်းများ၊ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရရုံးအဖွဲ့အစည်းများအစရှိသော စီးပွားရေးလုပ်ငန်းများတွင် စာရင်းရေး၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုပညာရပ်များမှာ တွင်တွင်ကျယ်ကျယ် လက်တွေ့အသုံးပြု ဆောင်ရွက်လာကြသည်ကို တွေ့မြင်နေရပါကြောင်း၊ ၎င်းပညာရပ်များ တတ်မြောက်ထားသော အနာဂတ်လူငယ်များ အတွက်လည်း ပြည်တွင်း ပြည်ပအလုပ်အကိုင်အခွင့်အလမ်းရရှိမှုများ တိုးတက်မြင့်မားလာပြီး အောင်မြင်မှုများ ရရှိနေတာကို တွေ့မြင်ရကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သမဝါယမစီးပွားရေး အတက်ပညာကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းနှင့် ဆရာ၊ဆရာများအနေဖြင့်လည်း မိမိတို့၏ ပညာရပ်ဆိုင်ရာ အတွေ့အကြုံဗဟုသုတများကို စေတနာအပြည့်ဖြင့် လက်ဆင့်ကမ်းမျှဝေပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းကျောင်းအတွင်း တည်ဆောက်လျက်ရှိသည့် စာသင်ဆောင်နှင့် သင်တန်းသား၊ သင်တန်းသူအိပ်ဆောင် တည်ဆောက်နေမှုအခြေအနေများကို ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြသည်။
ယင်းနောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်နှင့် တာဝန်ရှိသူများက စာသင်ဆောင်နှင့် သင်တန်းသား၊ သင်တန်းသူအိပ်ဆောင် တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)