ပလောက်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ပလောက် ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ဒီဇင်ဘာလ ၂၈ ရက်နေ့ညနေ ၃ နာရီခွဲက ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်နှင်းမြူလွင်က ကျောင်းသား/ကျောင်းသူများအား လွတ်လပ်ရေး၏တန်ဖိုးနှင့်ရရှိပြီးသော လွတ်လပ်ရေးကို လူငယ်များ တန်ဖိုးထားထိန်းသိမ်းကြရန်နှင့် မြန်မာနိုင်ငံသမိုင်းဝင် နေ့ထူးနေ့မြတ်များအား အမြဲအမှတ်ရတန်ဖိုးထားတတ်စေရန် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဟောပြောခဲ့သည်။

ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဖြစ်စဉ် မှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)