ပွင့်ဖြူ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဇန်နဝါလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးအခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့၊ ပွင့်မာလာပန်းဥယျာဉ်ခြံဝန်း၌ စိုက်ထူထားရှိသော လွတ်လပ်ရေးကျောက်တိုင်အား သစ်လွင်တောက်ပမှုရှိစေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပွင့်မာလာပန်းဥယျာဉ်ခြံဝန်းအတွင်း စိုက်ထူထားရှိသော လွတ်လပ်ရေးကျောက်တိုင်အား သစ်လွင်တောက်ပမှုရှိစေရန် မွမ်းမံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်း ၊ ပန်းခြံအတွင်း/ အပြင်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ ပန်းအလှပင်များ ရေဖျန်းခြင်းလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ နှစ်စဉ်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ပွင့်ဖြူမြို့၊ ပွင့်မာလာ ပန်းဥယျာဉ်ခြံတွင် ကျင်းပပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင်လည်း ကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အခမ်းအနားကျင်းပမည့် လွတ်လပ်ရေးကျောက်တိုင်အား သစ်လွင်တောက်ပမှုရှိစေရန် ကြိုတင်မွမ်းမံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ဆောင်ရွက်ပြီးစီးပါက အခမ်းအနားမပြုလုပ်မီ ညပိုင်းတွင် လွတ်လပ်ရေး ကျောက်တိုင်အား ရောင်စုံအလှမီးများ ထွန်းညှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )