ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ အစီအစဉ် လွှင့်တင်ဆောင်ရွက်

ရှမ်းရွာသစ် အောက်တိုဘာ ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် ယာယီပိတ်ထားသည့်အတွက် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်သူ့စာကြည့်တိုက်တွင် ကျန်းမာရေးအသိပညာပေး အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရိုက်ကူးဆောင်ရွက်ရာတွင် ဒေါ်ဇင်မိုးအေး (ရုပ်သံကျွမ်းကျင်-၃) က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၇)၊ အမှတ်(၂၀)တွင် ပါရှိသော ဆေးဘက်ဝင်မြင်းခွာရွက်အကြောင်း သိကောင်းစရာများကို  ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် Page တွင် Online မှ ထုတ်လွှင့်ပြသနိုင်ရန်အတွက် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူ့စာကြည့်တိုက် ခေတ္တပိတ်ထားသည့် အချိန်တွင် ကလေးလူငယ်များအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သော်လည်း စာအုပ် မိတ်ဆက်ခြင်းအစီအစဉ်များ၊ ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စက္ကူခေါက်ပြခြင်း၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်နှင့် Talk Show များ၊ ပြည်သူများ သိသင့်သည့် အသိပညာပေးလုပ်ငန်းများ၊ ဒေသဆိုင်ရာ သတင်းအချက်အလက်များကို IPRD Shanywarthit Page နှင့် ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် Page တို့တွင် Online မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)