ကြံခင်း ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ကျပန်း စကားပြောပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်း က (အ ထ က-၁) ကျောင်းအောင်ကျော်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေး ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများ ပူးပေါင်းပြီး အထက်တန်း အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပကြရာ မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား/ သူ (၄၇)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ထိုသို့ယှဉ်ပြိုင်ကြရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "လွတ်လပ်ရေးနေ့နှင့် နိုင်ငံသားတိုင်းတာဝန်"၊ "လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ"၊ "မိုးသို့လွင့်ပျံလွတ်လပ်ရေးအလံ" ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာ ပြိုင်ပွဲတွင် "ထိန်းသိမ်းစောင့်ရှောက်ကြစေ လွတ်လပ်ရေးအမွေ" ခေါင်းစဉ်နှင့် ကျပန်းစကား ပြောပြိုင်ပွဲတွင် "(၇၆)နှစ်မြောက် မွေးနေ့မှသည် ကမ္ဘာတည်သရွေ့ လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့"၊ ‟လွတ်လပ်ရေးသည် နိုင်ငံတော်၏ အသက်သွေးကြောဖြစ်သည်”၊ ‟လွတ်လပ် ရေးကို အခြေတည် သွေးစည်းချစ်ကြည် လက်တွဲညီကြသည်” ခေါင်းစဉ်များအား မဲနှိုက်၍ ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုများ ရရှိကြသော ကျောင်းသား/သူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)