ပွင့်ဖြူမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ ကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်ဝင်းထွန်းက အမှာစကားပြောကြားရာတွင် သင်တန်းသို့ တက်ရောက်သင်ယူခဲ့ကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးခဲ့သော မီးသတ်ဦးစီးဌာနလုပ်ငန်း လေ့ကျင့်ရေးနည်းစနစ်များကို လက်တွေ့အသုံးချပြီး မိမိမြို့ရွာ၌ ဖြစ်ပေါ်လာသည့် မီးဘေး၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုမရှိစေရေး ထိထိရောက်ရောက် ကြိုးပမ်းလုပ်ဆောင်ကြစေလိုကြောင်း၊ ပြောင်းလဲတိုးတက်လာသော ခေတ်စနစ်များနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ကျေပွန်စွာထမ်းဆောင်သွားကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်မီးသတ်ဦစီးမှူးဦးရဲလင်းနောင်က ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဒေသအလိုက် ပြည်သူများ၏ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အလေးထားလုပ်ဆောင်ကြရန်နှင့် သင်တန်းမှ ပို့ချသင်ကြားပေးခဲ့သော မီးသတ်ဦးစီးဌာနလုပ်ငန်း လေ့ကျင့်ရေးနည်းစနစ်များကို လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန် စဉ်ဆက်မပြတ် လေ့ကျင့်မှုများ လုပ်ဆောင်ကြရန် ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသားကိုယ်စားလှယ်တစ်ဦးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ သင်တန်းဆင်းပွဲအပြီးတွင် မြို့နယ်မီးသတ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သင်တန်းသားများက မီးဘေးလုံခြုံရေးအတွက် မီးငြိမ်းသတ်ပစ္စည်းများဖြင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းသို့ ပွင့်ဖြူမြို့ပေါ် ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စုမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားဦးရေ ၅၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး ဒီဇင်ဘာ ၄ရက်နေ့မှ ၂၉ ရက်နေ့အထိ မီးသတ်ဦးစီးဌာနလုပ်ငန်းတာဝန်များနှင့် လေ့ကျင့်ရေးနည်းစနစ်များကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)