သင်္ဘောပင်များကို တနိုင်တပိုင်စိုက်ပျိုးထားခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ

လိပ်သို ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် အေးမြစိုစွတ်သော တောင်ပေါ်ဒေသ ဖြစ်သည့်အားလျော်စွာ ဒေသခံများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းများအပြင်  မိသားစုအပိုဝင်ငွေများရရှိစေရန် အိမ်ခြံဝင်းအတွင်းတွင်  သင်္ဘောသီးပင်များကိုလည်း တနိုင်တပိုင် စိုက်ပျိုးပြုစုထားလျက်ရှိကြောင်း သိရသည်။

မြို့နေဒေသခံများမှာ ယခင်ကာလများက    စားသုံးရန်အတွက်သာ     စိုက်ပျိုးခဲ့ကြသော်လည်း ယခုကာလတွင် မိမိတို့စားသုံးရန်အပြင် အပိုဝင်ငွေရရှိရန်ရည်ရွယ်၍  စိုက်ပျိုးလာကြသည်။ အချို့မှာ မျိုးကောင်းမျိုးသန့်များကို ရှာဖွေစိုက်ပျိုးကြသော်လည်း အများစုမှာ ဒေသမျိုးများကိုသာ စိုက်ပျိုးထားကြသည်။

သင်္ဘောသီးများကို ပုံမှန်သရေစာအဖြစ် စားသုံးရန်အပြင် ဟင်းလျာများအဖြစ် ချက်ပြုတ်စားသုံးလာကြရာမှလိုအပ်လျှင် ဝယ်ယူစားသုံးနေကြရခြင်း၊ သင်္ဘောသီးသုပ်၊ သင်္ဘောသီးထောင်း ပြုလုပ်ရောင်းချသူများက ကြိုတင်မှာယူ ဝယ်ယူထားမှုများရှိလာခြင်း၊ ဥယျာဉ်ခြံကြီးများတွင် စီးပွားဖြစ်စိုက်ပျိုးသူများ ဒေသတွင်းတွင် ရှားပါးခြင်းတို့ကြောင့် အိမ်ခြံဝင်းအတွင်းတွင် တနိုင်တပိုင် စိုက်ပျိုးထားသူများမှာ မိသားစုအတွက် အပိုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)