ညောင်တုန်း အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အား မဲရုံသုံးစ္စည်းများကို အောက်တိုဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ မဲရုံသုံးပစ္စည်းများဖြစ်သော မဲပုံ၊ ဆန္ဒပြုခန်း၊ ခြင်းတောင်း၊ UEC တံဆိပ်တုံး၊ လုံခြုံရေးကြိုး၊ ချိတ်ထိုးတံဆိပ်တုံး၊ ချိတ်တောင့်၊ စတေကာများ၊ လည်ဆွဲကတ်များ၊ ပီနံအိတ်များနှင့် မဲရုံတွင် အသုံးပြုရမည့် ပုံစံများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖီးလစ်သောင်းရွှေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သန်းသန်းစိုးနှင့် တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိရာ ရပ်/ကျေး (၅၄) အုပ်စုမှ လာရောက်ထုတ်ယူလျက်ရှိသည်။
ညောင်တုန်းမြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ (၅၄) အုပ်စုတွင် မဲရုံပေါင်း ၂၄၄ ရုံရှိပြီး မဲဆန္ဒရှင်ဦးရေမှာ ၁၇၀၁၆၈ ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဝဠာနိုင် (ညောင်တုန်း)