(၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲ အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၌ ကျင်းပ

သာပေါင်း ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ” ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ရာ မြန်မာနိုင်ငံသည် နှစ်ပေါင်း (၁၂၀)ကြာအောင် သူ့ကျွန်ဘဝကို ကျရောက်ခဲ့ပါကြောင်း၊ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို (၃)ကြိမ်တိုင်တိုင် ကျူးကျော်ခဲ့ပါကြောင်း၊ မြန်မာတို့သည် သူ့ကျွန်ဘဝမှာ မနေလို၍ လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့ကြသော်လည်း လူအင်အား၊ လက်နက်အင်အား မမျှတ၍ ဆုတ်ခွာခဲ့ရပါကြောင်း၊ မြန်မာတို့သည် မလျော့သောဇွဲ၊လုံ့လ၊ဝီရိယတို့ဖြင့် အသက်၊သွေး၊ချွေးတို့ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ပြီး ရယူပေးခဲ့သည့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားဖို့ လိုပါကြောင်း၊ နောက်ထပ် သူ့ကျွန်ဘဝ ပြန်လည်မရောက်ရှိဖို့ ဝိုင်းဝန်းကြိုးပမ်းဖို့ လိုပါကြောင်း၊ လွတ်လပ်ရေးထက် ကြီးမြတ်သော တန်ဖိုးသည် လောက၌ မရှိနိုင်ပါကြောင်း၊ လွတ်လပ်မှ မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးနိုင်မှာဖြစ်ပါကြောင်း၊ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့အောင် ဆက်လက်ကြိုးစားသွားကြရန် လိုပါကြောင်း စသည်ဖြင့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)မှ အထက်တန်းပြဆရာမ ဒါ်အေးသက်မွန်က လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ပါခေါင်းစဥ်ဖြင့် ဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူတိုင်း ဝံသာနုစိတ်ဓာတ်ထားရှိဖို့ လိုပါကြောင်း၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြသူများသည် လူတော်လူကောင်းများ ဖြစ်ပါကြောင်း၊ ဒါ့ကြောင့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံအတွက် အားကိုးအားထားပြုရသည့် လူတော်၊ လူကောင်းများဖြစ်အောင် ယခုကတည်းက ကြိုးစားလုပ်ဆောင်သွားကြရန် လိုပါကြောင်း ဟောပြောခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသောကျောင်းသား၊ကျောင်းသူများအား (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (သတင်းစကား)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ် စာစောင်များ၊ လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် အသိပညာ‌ပေး နံရံကပ် မှတ်တမ်းဓါတ်ပုံများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်