ပေါက်ခေါင်း ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းတွင်း အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာသီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ အ.ထ.က (ပေါက်ခေါင်း)ကျောင်းမှ မူလတန်းအဆင့်မှ အထက်တန်းအဆင့်ထိ ကျောင်းသား၊ ကျောင်းသူလေးများက မိမိတို့အား သင်ကြားပြသပေးသည့် ဆရာ၊ ဆရာမများအား ဩကာသကန်တော့ချိုးဖြင့် ဦးစွာပူဇော်ကန်တော့ပြီးနောက် ဝတ္ထုငွေနှင့် လက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ကြရာ ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝင်းနှင့် ဆရာမ ဒေါ်ပွင့်ပွင့်စန်းတို့က ဆုံးမဩဝါဒဆုပေးစကားများ အသီးသီး ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများက အက၊ အလှ၊ သီဆိုဖျော်ဖြေမှုများဖြင့် တစ်လှည့်စီ ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)