ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်ချီးမြှင့်

ဘားအံ ဒီဇင်ဘာ ၂၉

နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံကိုပြုပြင်ပြောင်းလဲ တည်ဆောက်နေသောကာလတွင် ပညာပြည့်ဝပြီးအမြင်ကျယ်ကာ သဘောထားကြီးသည့် လူ့အသိုင်းအဝိုင်း ဖြစ်ပေါ်လာအောင် ပညာရေးကဏ္ဍသည်အရေးပါပြီး ပညာဆည်းပူးနေကြသော လူငယ်လူရွယ်များ အရည်အသွေးမြင့်မား၍ အမြော်အမြင်ရှိပြီး ဆင်ခြင်တုံတရားပြည့်ဝသည့် လူသားကောင်းဖြစ်လာရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်တင့်တယ်ပြီး ဉာဏ်ရည်၊ နှလုံးရည် တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်မှု စွမ်းအားမြင့်မားသည့် ထူးချွန်ထက်မြတ်သော ပညာတတ်မျိုးဆက်များဖြစ်အောင် ကြိုးစားကြရန်နှင့် နိုင်ငံတော်ကိုကောင်းကျိုးပြုမည့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေကျပ် (၁၀) သိန်းကို ချီးမြှင့်ပေးအပ်ပြီး နည်းပညာတက္ကသိုလ် (ဘားအံ)ဒုတိယပါမောက္ခချုပ်က သင်ကြားသင်ယူမှုအခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။

ယင်းနောက် နည်းပညာတက္ကသိုလ်(ဘားအံ) ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တက္ကသိုလ် King & Queen ရွေးချယ်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ်(ဘားအံ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဥ္စမနှစ်) အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအနက် ပညာရည်ထူးချွန်ဆု ရရှိကြသူများကိုလည်းကောင်း၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တိုင်းရင်းသားတို့၏ ရိုးရာယဉ် ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးက တက္ကသိုလ် King ဆုနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က တက္ကသိုလ် Queen ဆုတို့ကို ပေးအပ်ချီးမြှင့်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ် ကျောင်းသား၊ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်မယ်သစ်လွင်များနှင့် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ၊ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)