မောက်မယ် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) လက်တွေ့သရုပ်ပြခြင်းကို စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များက အရေးပေါ်မီးညှိမ်းသတ်နည်း၊ စောင်ဖြင့်ထမ်းစင်ပြုလုပ်နည်းနှင့် သယ်ဆောင်နည်း၊ ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီပြုလုပ်နည်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်မှုကိုဖြစ်ပေါ်စေနိုင်မည့် အကြောင်းအရာများ၊ အရိုးကျိုးလူနာများအား ရှေးဦးပြုစုနည်း၊ ကြိုးချည်နည်းများစသည့် Game (၁၀) မျိုးဖြင့် ပညာပေးလေ့ကျင့်သင်ကြားဆောင်ရွက်ပေးခဲ့ကြပြီး ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် အရေးပေါ်အခြေအနေပေါ်ပေါက်လာပါက လျင်မြန်စွာတုံ့ပြန်နိုင်ပြီး ထိခိုက်ရှုံးမှုနည်းပါးစေမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)