မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ်  ဒီဇင်ဘာ   ၂၉

မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက တက္ကသိုလ်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ ဗိုလ်လုပွဲကို ဘူမိဗေဒဌာနအသင်းနှင့် ရူပဗေဒဌာနအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများ၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်း၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှု အားပေးခဲ့ကြသည်။ ဗိုလ်လုပွဲတွင် ပြိုင်ပွဲ ဝင်အားကစားသမားများက အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘူမိဗေဒဌာနအသင်းက နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတလျှောက် တာဝန်ယူဆောင်ရွက်ပေးသော ဒိုင်အဖွဲ့အား အမှတ်တရလက်ဆောင်၊ ပြိုင်ပွဲတလျှောက် အကောင်းဆုံး အားကစား သမားဆု၊ ရှေ့တန်း၊ ‌အလယ်တန်းနှင့် နောက်တန်းနှင့် ဂိုးသမားအကောင်းဆုံးဆု၊ ဂိုးသွင်း အများဆုံးဆုရရှိကြသူများကို ဆုတံဆိပ်များ၊  တတိယ၊ ဒုတိယရရှိကြသောအသင်းတို့မှ အားကစားသများအားလည်ဆွဲဆုများကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဗိုလ်လုပွဲတွင် ပထမရရှိခဲ့သော ဘူမိဗေဒဌာနအသင်းအား မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက လည်ဆွဲဆုများနှင့် တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။ အဆိုပါပြိုင်ပွဲကို မြိတ်တက္ကသိုလ်ရှိ ဘာသာရပ်ပေါင်းစုံမှ ဘောလုံးအသင်း(၈)သင်း၊ ပြိုင်ပွဲ ဝင်အားကစား သမား(၁၄၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ (၁၈)ရက်မှ(၂၈)ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)