ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဘားအံ    ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌  ယာဉ်မတော်တဆ ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ  အသက်ဆုံးရှုံးမှု၊ လူမှုဘဝဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျောင်းသား/ကျောင်းသူများ သိရှိစေရန် ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမ(၄၂)ဦး၊ ဘာသာရပ်ဌာန အသီးသီးမှ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား/ကျောင်းသူ(၅၈၅)ဦး၊ ဝန်ထမ်း (၁၅)ဦး စုစုပေါင်း (၆၄၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အဖွင့်အမှာစကားပြောကြားပြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကရင်ပြည်နယ်မှစစ်ဆေးရေးမှူး ဦးသူရကျော်က ယာဉ်မောင်းလိုင်စင်အကြောင်းသိကောင်းစရာနှင့်ယာဉ်သွားလာမှုဆိုင်ရာ စည်းကမ်းများအကြောင်း အသိပညာပေး ဟောပြောခြင်း၊ ကရင်ပြည်နယ် တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဝေစိုးက ယာဉ်မတော်တဆမှုဖြစ်ပွားသည့် ပြစ်မှု၊ပြစ်ဒဏ်များအကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများအကြောင်း အသိပညာ ပေး ဟောပြောခြင်း၊  စည်းကမ်းမလိုက်နာမှုကြောင့် ဖြစ်ပွားသည့် ယာဉ်အန္ထရာယ်များအကြောင်း video Clip ဖြင့် ရှင်းလင်းပြသပြီးနောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)