ကော့သောင်း ဒီဇင်ဘာ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကော့သောင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်သင်ကြား မည့် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၏ ပညာသင်ကြားရေးဆိုင်ရာ အခွင့် အလမ်းရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှုး ဒေါက်တာ ဇော်ဇော်ထွန်းက စိုက်ပျိုးရေး၊မွေးမြူရေးအထက်တန်း ကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသား၊ ကျောင်းသူခေါ်ယူမည့် အစီအစဉ်များ၊သတ်မှတ်ပညာ အရည်အချင်းများ၊ ပေးအပ်မည့် အောင်လက်မှတ်များနှင့် ထူးချွန်သူများအတွက် ရရှိနိုင်မည့် အခွင့်အလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနိုင်တင်ထွဋ်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန့်ဇင်တို့က အဆိုပါသင်တန်းကျောင်းတွင် အခြေခံ ပညာအထက်တန်းအဆင့် ဘာသာရပ်များအပြင် မွေးမြူရေး အတတ်ပညာဆိုင်ရာ ဘာသာရပ်နှင့် စိုက်ပျိုးရေးအတတ်ပညာဆိုင်ရာဘာသာရပ်များကို (၃)နှစ် စာတွေ့/လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး အကဲဖြတ်စစ်ဆေး ၍ အထူးအဆင့်၊အဆင့်မီအောင်နှင့် ရိုးရိုးအောင် သတ်မှတ်သွားမည်ဖြစ်ကြောင်းနှင့် အထူးအောင်၊ အဆင့်မီအောင်နှင့် ရိုးရိုး အောင်မြင်သူများအနေဖြင့် ဘာသာရပ်အလိုက်တက်ရောက်နိုင်မည့် တက္ကသိုလ်များနှင့် ရရှိနိုင်မည့် အခွင့်အလမ်းများအကြောင်းရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ တွဲဖက်ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်ပြီး အသက်(၂၀)မကျော်သော ကျောင်းသား၊ သူများတက်ရောက်နိုင်မည်ဖြစ်ပြီး စက်မှုပညာ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အသက်မွေး ဝမ်းကျောင်း အတတ်ပညာများကိုသင်ယူနိုင်ပြီး ထူးချွန်စွာအောင်မြင်ပါက ပညာဆက်လက်သင်ယူနိုင်ခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)