ပြည် ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာအဆိုပါကျောင်း သိရီရတနာခန်းမ၌ ဟောပြောပွဲကျင်းပရာ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦးက အမှာစကားပြောကြားပြီး ပြည်မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးက မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာသိမှတ်ဖွယ်ရာများအကြောင်းကို တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် Grade-10 ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးအား အသိပညာပေးဟောပြောသည်။
ထို့နောက် အဆိုပါကျောင်းရှေ့အားကစားကွင်း၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဂိမ်းကစားခြင်းနှင့် အလွယ်တကူ ရရှိနိုင်သောပစ္စည်းများဖြင့် အသက်ကယ်အင်္ကျီပြုလုပ်နည်းအပါအဝင် အလွယ်တကူ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများပြုလုပ်နည်း၊ ကြိုးချည်နည်း၊ လူနာသယ်ဆောင်နည်းအမျိုးမျိုးနှင့် DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း၊ ဂက်စ်မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြလုပ်ဆောင်ကြပြီး ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်ဖြင့် ရေစိုလေ့ကျင့်ခန်း လက်တွေ့သရုပ်ပြလုပ်ဆောင်ကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို စိတ်ဝင်တစားလေ့လာကြည့်ရှုကြပြီး အဆိုပါပစ္စည်းများ၏ အသုံးဝင်ပုံကို မြို့နယ်မီးသတ်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးရှင်းလင်းပြောကြားကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)