(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့နယ် အ.ထ.က ထန်းသုံးပင် RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် မြန်အောင်မြို့ အမှတ်(၄) ရပ်ကွက် နဝဒေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

မြန်အောင် ဒီဇင်ဘာ ၂၉

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့နယ် အ.ထ.က ထန်းသုံးပင် RCနှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် မြန်အောင်မြို့ အမှတ် (၄)ရပ်ကွက် နဝဒေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ယနေ့ နေ့လည်က ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်အားပေး ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဦးစွာ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့နယ် အ.ထ.က ထန်းသုံးပင် RC  နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲမုခ်ဦးအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းနှင့်တိုင်းဒေသကြီးပညာရေးမှူး ဦးတိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အ.ထ.က ထန်းသုံးပင်ကျောင်းအတွက် ဆိုလာမီး ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းချိုဦးမှ လက်ခံရယူပြီး "အလင်းရောင် သစ်ဆန်း" ကုမ္ပဏီမှ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် မှတ်တမ်းများကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးမှ လက်ခံရယူခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထိ့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများက ကျောင်းဆောင်သစ် ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာ ပက်ဖျန်းပေးပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။   

ယင်းနောက် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့ အမှတ် (၄)ရပ်ကွက် နဝဒေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ ရောက်ရှိရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ပြီး ကွန်ကရစ်လမ်းသစ်မုခ်ဦးအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းတို့က လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ နဝဒေးလမ်း ကွန်ကရစ်လမ်းသစ်အား ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အ.ထ.က ထန်းသုံးပင် (၁၄၀ ပေ×၃၀ပေ) RC(၂)ထပ်ကျောင်း ဆောင်သစ်အား ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ (၃၃၄.၃၂) ကျပ်သန်းဖြင့် အလင်းရောင်သစ်ဆန်းကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့ အမှတ်(၄)ရပ်ကွက် နဝဒေးလမ်းကို အရှည် (၇၄၀)ပေ၊ အကျယ်(၁၂)လက်မ၊ ထု(၆)လက်မ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းအား မြန်အောင်မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းအသုံး စရိတ် (၂၃.၆၄)ကျပ်သန်းဖြင့် အားမာန်ချီကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)