ညောင်လေးပင် ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး (Kaeru Caravan)အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးကျော်ဘုန်းမောင်မှအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုဌေးမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan)ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား လက်တွေ့အသုံးပြုပုံများကို အသေးစိတ်ရှင်းလင်းပြသခြင်း၊ ဂိမ်းကစားနည်း(၉)မျိုးတို့ကို အုပ်စုခွဲ၍ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစောဝါးလယ်ထူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးကျော်ဘုန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုဌေးနှင့်တပ်ဖွဲ့ဝင်များ၏ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူနိုင်(ပြန်/ဆက်)