ဗန်းမောက် အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပန်းတောနည်းပညာပေးစင်တာ အတွင်းရှိ စိုက်ပျိုးနည်းစနစ်များနှင့် မိုးစပါးရိတ်သိမ်းချိန်လွန် နည်းပညာပေးခြင်းလုပ်ငန်းများ ကွင်း ဆင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကိုင်းကြီးကျေးရွာအုပ်စုဥက္ကဌ ဦးခိုင်ဇော်ဝင်း နေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုင်းကြီးကျေးရွာတွင် မိုးစပါးအပြီး လယ်သီးထပ်အဖြစ် ဆောင်းမြေပဲ၊ နေကြာသီးညှပ်နှင့် နှမ်းစိုက်ပျိုးနည်းစနစ်များကို တောင်သူပညာပေးစိုက်ခင်းများအား ဆောင်ရွက်စိုက်ပျိုးလျှက်ရှိ ကြောင်း၊ ကွင်းဝန်ထမ်းများနှင့် တောင်သူများကို ခေါ်ယူပြသခဲ့ခြင်း၊ ဆောင်းမြေပဲမျိုးများကို မကွေး သုတေသနခြံမှ (မကွေး-၁၁) မျိုးများကို မှာယူပြီး မျိုးပွားစိုက်ပျိုးလျှက်ရှိကြောင်း၊ မြို့နယ်အနေဖြင့် မိုးမြေပဲကို ဆောင်းမြေပဲစိုက်ပျိုးနိုင်ရန်အတွက် မျိုးပွားစိုက်ခင်းများအဖြစ် စိုက်ပျိုးပြီး ယခုနှစ်တွင် ဆောင်းမြေပဲ (၇၇၉၀)ဧက စိုက်ပျိုးနိုင်ရန် ခန့်မှန်းထားကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီအဖြစ် ဆောင်းမြေပဲကြိတ်ခွဲရရှိနိုင်မှာဖြစ်ကြောင်းနှင့် အထွက်နှုန်းမှာ(၇၅ ဒသမ ၂၀)တင်း ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသျှန်လျှံက ဆွေးနွေးပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကာလအတွင်း တောင်သူများများ၏ လိုအပ်ချက်နှင့် အခက်အခဲများကို ဖြေရှင်း ပေးနိုင်ရန်အတွက် (နည်းပညာပေးစင်တာ ၄)နေရာခွဲ၍ ကြီးကြပ်ဖွင့်ပေးလျှက်ရှိကြောင်း၊ အဆိုပါ (၄)နေရာတို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးများနှင့် ကွင်းဝန်ထမ်းများက တာဝန်ယူ ထမ်းဆောင်လျှက်ရှိရာမှာ တောင်သူများအား Video Conferencing နှင့် Facebook Page များမှ ပညာပေးခြင်း၊ တောင်သူတစ်ဦးချင်းစီအလိုက် အိမ်တိုင်ရာရောက် စိုက်ပျိုးနည်းပညာပေးခြင်း၊ စိုက် ပျိုးချိန်အမီ တောင်သူများလက်ဝယ်အရောက် သီးနှံမျိုးစေ့များ အချိန်မီစိုက်ပျိုးနိုင်ရန် ချိတ်ဆက် ပေးခြင်း၊ အိမ်တွင်းဥယျဉ်ခြံများအား စိုက်ပျိုးပြသခြင်း (Home Gardening) လုပ်ငန်းများ ဆောင် ရွက်ခြင်း၊ (GAP) စနစ်ဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစားများထုတ်လုပ်ပေးခြင်း၊ သီးနှံ စိုက်ခင်းများတွင် ပိုးမွှားရောဂါကာကွယ်ရေး ပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများ၊ နည်းပညာပြန့် ပွားရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်စိုး၏ ပြောပြချက်အရ သိရသည်။
ကျော်စွာ(ဗန်းမောက်)