ဘားအံ ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် နဘူး-နှစ်ခြား ကျေးရွာတွင် ယာယီပြောင်းရွှေ့နေထိုင်သော နေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ကုန် ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နဘူးကျေးရွာ အောင်သိဒ္ဓိကျောင်းတိုက်အုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒကနှင့် မြို့နယ်သံဃနာယကအကျိုးတော်ဆောင်(ရွှေကျင်)ဆရာတော်ဘဒ္ဒန္တသုမနတို့အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို အောင်သိဒ္ဓိကျောင်းဓမ္မာရုံ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယာယီနေရပ် စွန့်ခွာသူများတွင် ကျောင်းနေအရွယ်များပါဝင်ပါက ပညာရေး နှောင့်နှေးမှုမဖြစ်စေရေး ရောက်ရှိနေရာတွင် ပညာသင်ကြားနိုင်အောင် စီမံဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားထားပြီးဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများ အတိဒုက္ခရောက်ရှိစေရန် အဖျက်အမှောင့်လုပ်ငန်းများအား ရည်ရွယ်ဆောင်ရွက်သူများအနေဖြင့် ကောင်းကျိုးချမ်းသာကို ရရှိခံစားရမည်မဟုတ်ဘဲ မိမိနေရပ် မိမိဒေသတည်ငြိမ်အေးချမ်းစေရန် မိဘပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လိုကြောင်း၊ ယခုကဲ့သို့ယာယီပြောင်းရွှေ့နေထိုင်ရခြင်းသည် အခိုက်အတန့်တစ်ခုသာဖြစ်ပြီး မူလ ဒေသတွင် ပြန်လည်နေထိုင်နိုင်ရေး အေးချမ်းတည်ငြိမ်မှုရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ မကြာမီ အိမ်ပြန်ကြရမည်ဖြစ်ကြောင်း၊ ယာယီ ပြောင်းရွှေ့နေထိုင် စဉ်ကာလအတွင်း လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အချင်းချင်း ရိုင်းပင်းကူညီ၍ ကျန်းကျန်းမာမာ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်ကြစေလိုကာ ငြိမ်းချမ်းရန်အတွက် ဆုတောင်းမေတ္တာများပို့သပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် နဘူး-နှစ်ခြားကျေးရွာတွင် ယာယီပြောင်းရွှေ့နေထိုင်သော နေရပ်စွန့်ခွာအိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်၊ ဆီ(၁)လီတာ၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၃၅၇)စု အတွက် ဆန် ၂၄ ပြည်အိတ် ၉၀ အိတ်၊ ခေါက်ဆွဲ ခြောက် ၉၀ ဖာ၊ ဆီ ၁၈၀ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နဘူးတိုက်နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်လာမှုအခြေအနေများကို ရင်းရင်းနှီးနှီးတွေ့ဆုံမေးမြန်း အားပေးစကားပြောကြားပြီး ကြက်ဥ၊ ကွေကာအုပ် အစရှိသော အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နဘူးတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီး၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းကို ဆေးရုံ အုပ်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)