ရွှေတောင် ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက သာသနဓဇဓမ္မာစရိယဂုဏဝိသိဋ္ဌပူဇာသဘင်နှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်ကအဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ စာအောင်သံဃာတော်များအား ဆက်ကပ်လှူဒါန်းနိုင်ရေး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ အငြိမ်းစားဝန်ထမ်းများနှင့် ရွှေတောင်ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အခြေအနေများနှင့် ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုများအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့်ဌာနအလိုက် လစဥ်ပုံမှန်ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ရွှေတောင်မြို့နယ်အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက်ပုံမှန်လုပ်ဆောင်မှုများနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်မှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)