ရွှေပညာ ပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်

ကော့သောင်း ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ရွှေပညာ ပညာရေးငွေစုငွေချေး သမဝါယမ အသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ​အမှတ်(​၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  “ရွှေပညာပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ သဘာပတိ ဦးကျော်ငွေက နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာရရှိငွေများ၊ သုံးစွဲငွေများနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအစီအစဥ်များ၊ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနက ဦးစီးအရာရှိ ဦးသိန်းအောင်က သမဝါယမဦးစီးဌာန၏ ဆောင်ရွက်ပေးနေသည့်အစီအစဥ်များ၊ သမဝါယမအသင်းရှိခြင်းဖြင့် ရရှိနိုင်သော အကျိုးအမြတ်များနှင့် စု​ဆောင်းငွေများအပေါ်ရရှိနိုင်သည့် အကျိုးခံစားခွင့်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားပေးခဲ့ပြီး တက်ရောက်လာသော အသင်းသူ၊အသင်းသားများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ထို့နောက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြီးနောက် အသင်းသားများ၏ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက်  အသင်းသား (၆၁၆)ဦးအား အစုပေါ် အမြတ်ငွေ( ၂၁၅၇၈၈၁) နှင့် စုဆောင်းငွေအပေါ် အတိုးငွေ(၁၁၅၈၁၂၃၇)ကျပ်တို့အား အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရွှေပညာ  ပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ သဘာပတိဦးကျော်ငွေနှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးမှူး ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)