ပဲခူး ဒီဇင်ဘာ ၂၈
ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်နှင့် ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံတို့တွင် ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး)အသင်းကြီးမှ ကြီးမှူးကျင်းပပြုလုပ်သည့် (၃၇)ကြိမ်မြောက် သာမဏေကျော်လင်္ကာရ စာမေးပွဲဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များအား ဒီဇင်ဘာလ(၂၇)ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ရှေးဦးစွာ ကြီးကြပ်ဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များနှင့် သီလရှင်များ စာဖြေနေမှုအား လိုက်လံကြည့်ရှု့ ကြည်ညိုခဲ့ကြသည်။
အဆိုပါ (၃၇)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲကြီးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ရောက်ဖြေဆိုရန်အတွက် သံဃာတော်နှင့် သီလရှင် (၁၆၄၀)ပါး စာရင်းသွင်းထားရှိပြီး ဗုဒ္ဓအသံ ဓမ္မဗိမာန်(အပေါ်ထပ်/အောက်ထပ်)နှင့် ရွှေမော်ဓောစေတီတော်ရင်ပြင်ပေါ်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံတို့တွင် ဒီဇင်ဘာလ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဝိနည်းမဟာဝါ၊ အင်္ဂုတ္ထိုရ်၊ ဓမ္မပဒဘာသာရပ်တို့အား ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဟူ၍ ခွဲခြားကာဖြေဆိုတော်မူကြမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့သည် (၉၈)ကြိမ်မြောက် ရွှေသာလျောင်းဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအထိမ်းအမှတ်အနေဖြင့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ဆရာလေးများအား တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်များ၊ စေတနာရှင် အလှူရှင်များနှင့်အတူ ဆွမ်းဆန်တော်၊ နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)