ဒေးဒရဲ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်း အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို မြို့နယ်အခြေခံပညာဦးစီးဌာနက ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းနေအရွယ်ကလေးများ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဘောလုံးဂိုးကျဥ်းပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် အပ်နဖားထိုးစသည့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ် ပေးလျက်ရှိပြီး ဆုရရှိသူများအား (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ပြုဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း