ဟားခါး ဒီဇင်ဘာ ၂၉
ချင်းပြည်နယ်အတွင်း ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်းအစည်းအဝေး (၃/၂၀၂၃) ကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်၏ မူဝါဒ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့များ Guideline များ၏ ဘောင်အတွင်း၌သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်း/လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရာတွင် မလွန်ဆန်နိုင်သည့် အခြေအနေမျိုးမှအပ အားထည့်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းပြန်လည်အပ်နှံခြင်းမျိုး မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လာမည့်ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်း စီမံချက်များကို ထိရောက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများက မိမိတို့ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးကို အလေးနက်ထား ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်နှင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးတို့က ချင်းပြည်နယ်၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဌာနအလိုက် အဆိုပြုလျာထားနှုနှင့် ယယီစိစစ်မှုအခြေအနေ၊ ဌာနတစ်ခုချင်း၏ နှစ်အလိုက်ဘဏ္ဍာငွေရရှိမှုနှင့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဌာန၏ အဆိုပြု တင်ပြချက်နှင့် ယာယီစိစစ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပြည်နယ်ဦးစီးမှူးများက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်း/ စီမံကိန်းလျာထားချက်များကို လုပ်ငန်း စီမံကိန်း တစ်ခုချင်းစီအလိုက် Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်စီမံကိန်းဦးစီးဌာနနှင့် ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက အကြုံပြု ဖြည့်စွက်ဆွေးနွေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)