ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ပညာပေး

ဖြူး ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူကလေးများပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား သိရှိပြီး သတိပြုနိုင်ရန်အတွက် ရည်ရွယ်၍ ကလေးငယ်များအား သဘာဝဘေးအန္တရာယ်ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ပညာပေးအစီအစဉ်(Kaeru Caravan)ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် တောင်ငူခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချရေး အသိပညာပေးရာတွင် တောင်ငူခရိုင် မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဝင်းက သဘာဝဘေးအန္တရာယ်ကာကွယ် လျော့ချရေးနည်းလမ်းများ‌သည် လူတိုင်းအပေါ် တာဝန်ရှိသည့်အတွက် သိရှိထားရန်လိုအပ်ခြင်းကြောင့် ယခုလိုအသိပညာပေးရခြင်း‌ဖြစ်ကြောင်း ပြောကြားပြီး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မီးဘေး၊ ဆူနာမီဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ရေရှားခြင်းဘေးများနှင့်ပတ်သက်၍ ကြိုတင်သိထားသင့်သည့် အချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး  တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ အထက်တန်း/အလယ်တန်းအဆင့် ကျောင်သား/ ကျောင်းသူများအား မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြခြင်း၊ လက်တွေပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)