ကဝ ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကစားနည်း (၁၀) မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က (ကဝ)ကျောင်း၊ ဆရာကျော့ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ကဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကဝမြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းသူက သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှုးဦးလင်းအောင်၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ များက ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးငြှိမ်းသတ်နည်း၊ စောင်ဖြင့် ထမ်းစင်ပြုလုပ်နည်းနှင့် သယ်ဆောင်နည်း၊ ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီပြုလုပ်နည်းများ၊ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါက ဆောင်ရွက်ရမည့် နည်းစနစ်များ၊ မီးလောင်မှုကို ဖြစ်ပေါ်စေနိုင်မည့် အကြောင်းအရာများ၊ အရိုးကျိုးလူနာများအား ရှေးဦးပြုနည်း စသည့် Game (၁၀)မျိုးဖြင့် လေ့ကျင့်သင်ကြား ပညာပေးဆောင်ရွက်ခဲ့ကြပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ပြီး ထိခိုက်ဆုံးရှုံးမှု နည်းပါးစေမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)